=========
ပူလိုက်တာ ..
ဖြတ်ဖြတ်လူးလို့ လူတိုင်းငြီးငြူကြ
အမှည့်တ၀င်းဝင်းတွေလဲ
အကင်းမဟုတ်ပေမယ့် တဖြုတ်ဖြုတ်ကြွေကျ .. ကြွေကြ ..
နာရေးသတင်းထဲမှာ
အသက် ၉၀ ကျော် ကို တွေ့ဖို့ ခဲယဉ်းလာ ...
ကမ္ဘာ့သမိုင်းမှာ အပူဆုံးဆိုတဲ့ ခုနှစ်တွေ စံချိန်တင်လာကြ
(တစ်နှစ်ထက် တစ်နှစ်အပြိုင်)
ပေါ့ပေါ့ပါးပါးပဲ ၀တ်မယ်ဆိုတဲ့ ယဉ်ကျေးမှုတွေလဲ
(တစ်နှစ်ထက် တစ်နှစ်အပြိုင်)
ပေါ့ပါးလာခဲ့ကြ ... ။
ပြောင်းလဲတော့မယ် ...
ငါတို့ အတူ ပြောင်းလဲကြမယ် ...
တကျော်ကျော် အော် ပြီး တစ်ယောက်သွားလမ်းကို ဖောက်ကြတဲ့ လူတွေ
အများကြီးမှ တကယ့်ကို အများကြီး .. ။
သက်ရှိထင်ရှားတွေကို သက်ရှိထင်ရှား ဝေဖန်ကြတဲ့ခေတ် ...။
အဓိပ္ပါယ်အမှန်တွေကို စာလုံးပေါင်းအမှားတွေက ဝေဖန်ကြ ......... ။
ပတ်ဝန်းကျင်တစ်ခုလုံးကို အပူရောင်တွေ ဖုံးအုပ်ထားတယ်
နွေရာသီဟာ တစ်ကမ္ဘာလုံးကို လောင်ကျွမ်းပစ်မယ် ထင်ရတယ်
တကယ်တော့
နွေရာသီကို နွေရာသီကိုယ်တိုင်ပဲ ပြန်လောင်ကျွမ်းပစ်တယ် .. ။
လက်ချင်းတွဲလို့ ကားလမ်းကို ဖြတ်ကူးသွားတဲ့ စုံတွဲတစ်တွဲအတွက်
နွေရာသီဟာ .. လင်းလင်းချင်းချင်း လမင်းသာနေရုံလောက်ပဲ ... ။
ဟိုအရှေ့မီးပွိုင့်မှာ မင်္ဂလာတွေ ဆင်ယင်ထားတဲ့ မော်တော်ကား ..
နမိတ်ပုံများလားလို့ မတွေးပါနဲ့
နောက်တစ်ကွေ့မှာ နာရေးသယ်ဆောင်လာတဲ့ ကားကို ထပ်တွေ့ရင်တွေ့ရဦးမယ်
ဖွဟဲ့ လွဲပါစေဖယ်ပါစေ ပြောဖို့မလိုပါ ..
နေမ၀င်မချင်း နွေရာသီရဲ့ အလင်းတွေအောက်မှာ လူတိုင်းပူပြင်းနေရဦးမှာပဲ ... ။ ။

(မိုဃ်းဝေ)



Leave a Reply.

    မိုဃ်းဝေ

    ==========