အလွမ်းရောင်မိုးနှောင်းတိမ်တိုက်
ချစ်သူသည် မိုးတိမ်တို့၏ အရှင်သခင်ဖြစ်သည် ။
ချစ်သူ၏ခြေလှမ်းတိုင်းသည် အလွမ်းတို့ကို ထင်ကျန်စေတတ်၏ ။
မိုးတိမ်နှင့်တကွ ငါကိုယ်တိုင်ပင်လျှင် …
ချစ်သူ၏ အစေအပါးသာ ဖြစ်သည် ။
ချစ်သူသည် မျှော်လင့်ခြင်းတို့၏ခါးသီးသောအရသာကို သိရှိစေသောသူဖြစ်သည် ။
မိုးနှောင်းတိမ်တိုက်များကို အလွမ်းရောင်ချယ်ခဲ့သူမှာ ချစ်သူဖြစ်သည် ။
ထိုနည်းအားဖြင့်
အဆုံးသတ်မလှမည့်ပုံပြင်တစ်ပုဒ်သည် အစပြုဖြစ်တည်ခဲ့လေသည် ။
ချစ်သူသည် ငါ၏အိမ်ပြန်ချိန်တွင် နောက်ဆုံးမြင်တွေ့ခဲ့လိုသူဖြစ်သည် ။
ချစ်သူ၏စိတ်ဓာတ်သည်လည်း အတိုင်းအတာတစ်ခုကျော်လွန်သည်အထိ ပြတ်သားခဲ့လေသည် ။
ထို့ကြောင့်ပင် ရပ်တန့်နေသော နာရီတစ်လုံးသည်
တစ်နေ့နှစ်ကြိမ် မှန်ကန်ခွင့်ရခဲ့ပြန်သည် ။
ချစ်သူသည် အလွမ်း၏အပြစ်တင်ခြင်းခံရသော
အပြစ်ကင်းသူတစ်ယောက်ဖြစ်သည် ။
အလွမ်းသည် အပြစ်တင်နေသော်လည်း တခါတရံ တမ်းတဆဲဖြစ်သည် ။
ထိုအဖြစ်တို့ကြောင့်
ငါသည် … နားလည်ရခက်သော ပုစ္ဆာတစ်ပုဒ်ဖြစ်လေသည် ။
ချစ်သူသည် အလွမ်းရောင် မိုးနှောင်းတိမ်တိုက်ပင်ဖြစ်သည် ။ ။
( မိုဃ်းဝေ )