ကြယ်တို့သည်၎င်း၊ အမှောင်သည်၎င်း
ညကိုဖန်ဆင်းအပ်ပြီ။
ငါသည် . . .
ကြယ်စုအရေအတွက်ကို အတိအကျမသိလို
အမှောင်၏နက်ရှိုင်းမှုကိုလည်း မသိလိုတော့ပေ။
အိုဘယ့် … ကမ္ဘာမြေ
နှစ်ခြိုက်စွာ အိပ်စက်ပါလေတော့။
လရောင်ဆန်သော ရေကန်၏အရိပ်တို့သည်
ည၀န်းကျင်၌ထင်ဟပ်နေစေ။
နိုးကြားသောငှက်တချို့လည်း ပျံကြပါစေတော့။
အလွမ်းကိုသယ်ပိုးလျက်ဆက်သသော တေးသီချင်းများကို
နံရံများက နားဆင်ကြ၍
ဖန်သားပြင်ကို ကြည့်ရှုလေသော နှလုံးသားများသည်
အိပ်ပျော်ကြကုန်၏။
အိုဘယ့် … ကမ္ဘာမြေ
သင်လည်းအိပ်စက်ပါလေတော့။
ကောင်းသောညသည် ဖြစ်၍
ည၏ကောင်းခြင်းသည် သင့်အတွက် ဖြစ်ပါစေသတည်း။
ချစ်သော ကမ္ဘာမြေ
ကောင်းမွန်စွာ အိပ်စက်ပါလေတော့ ။ ။
(မိုဃ်းဝေ)