ကိုယ်ဝှက်ထားတဲ့ဖဲတစ်ချပ်က 
ကိုယ့်ကိုပြန်ပြီး သစ္စာဖောက်တဲ့အခါ 
ကစားပွဲဟာ ပိုပြီး  ကြည့်ကောင်းလာတယ်
သွေးရူးသွေးတန်းဖြစ်ရင် အရှုံးနဲ့ထွက်သွားရဖို့ပဲ ...။

ကိုယ်ဟာ သွေးအေးတဲ့ သတ္တ၀ါတစ်ကောင်
ကိုယ်ဟာ သွေးအေးအေးနဲ့ပြုံးတတ်တဲ့ သတ္တ၀ါတစ်ကောင်
နောက်ကျောဓားနဲ့ထိုးခြင်းအတတ်ပညာကို လူ့ယဉ်ကျေးမှုအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတာ ကိုယ့်နောက်ကျောဓားစိုက်မှ လဲကျသေဆုံးလို့တော့မဖြစ်သေးဘူး ... ။

အမှားကအမှန်ကို အသံကောင်း .. ဟစ်မြဲ .. ဟစ်ဆဲ ...
အမှန်တရားရဲ့ ရပ်တည်မှုသည်လဲ.. နှုတ်ဆိတ်.. နေမြဲ .. နေဆဲ .. ။

ဘယ်အရပ်မှာနေ၀င်မယ်မှန်းမသိအောင်
လမ်းတွေက ကွေ့ကောက်လွန်းခဲ့ပြီ
တစ်ကိုယ်စာလမ်းကျဉ်းလေးဆိုပေမယ့်
ရှေ့ဆက်လျောက်ဖို့ပါပဲ ...။

အရာခပ်သိမ်း လွှတ်ချထားရစ်ခဲ့ပြီမို့
သိမ်းဆည်းသယ်ဆောင်စရာ
ဘာဆိုဘာမှ မရှိ
ကိုယ်ရယ်
နောက်ကျောဓားဒဏ်ရာနဲ့ ကိုယ့်ဝိဥာဉ်ရယ်
နေ၀င်ရာ မျက်နှာမူပြီး 
အေးအေးဆေးဆေး ... လျောက်မြဲ .. လျောက်ဆဲ .. ။

--
မိုဃ်းဝေ
(၂၀၁၃-- ဖေဖော်ဝါရီ ၁၂)




Leave a Reply.