ဆရာစိုင်းဝင်းမြင့်ရဲ့ ...
ကြယ်ကမ္ဘာရောင်းဝယ်ရေး - ကဗျာစာအုပ်မှာ
ဆရာ မိုးဝေး ... ရေးထားတဲ့ အမှာစာ သဘောမျိုး စာစုလေးပါ။


ကဗျာဖတ်ပုံ၊ ကဗျာဖတ်ကျင့်
မိမိကိုယ်မိမိ ဖျင်ကြည့်ခြင်း

 -                     တစ်ယောက်ယောက်ရဲ့ ကဗျာစာအုပ်မှာ အခြားတစ်ယောက်ယောက်က ရှေ့မှာ တစ်ခုခုရေးပြီဆို တွေ့နေ မြင်နေကျဖြစ်နေတာ ဒီကဗျာရေးသူနဲ့ ဘယ်လိုရင်းနှီးကြောင်း၊ ဒါမှမဟုတ် သူ့အဘိုးနဲ့ တော်လှန်ရေးတုန်းကအတူတူ၊ ဘယ်ကဗျာကတော့ ကောင်းကြောင်း၊ ဘယ်အဖွဲ့အနွဲ့ကတော့ ဘယ်တော့မှ ဒီလိုမတွေ့ဖူးကြောင်း၊ ကမ္ဘာကြီင်္းကတော့ ဘယ်နှစ်လုံးပါကြောင်း ၊ “အချစ်” ဆိုတဲ့စကားလုံးက ဘယ်နှလုံးတိတိပါကြောင်း၊ ဂြိုဟ်ကြီးကတော့ ကိုးလုံးဟုရေးထားရာ အမှန်က အလုံးကိုးဆယ်ဖြစ်ကြောင်း၊ များသောအားဖြင့်တော့ ကဗျာအများစုဟာ ကောင်းကြောင်း/မကောင်းကြောင်း၊ ပြီးတော့ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ကဗျာတွေ ရေးသားနိုင်ပါစေကြောင်း…၊ ဒီလိုချည်းပဲဖတ်ရပါတယ်။ ဒါဟာ ကဗျာရေးသူအတွက် ကောင်းချင်ကောင်းနိုင်ပေမယ့် ကဗျာဖတ်သူဘက်ကိုတော့ လုံးဝဥပေက္ခာပြုထားတာအမှန်ပါပဲ။ တကယ်ဆို ကဗျာဖတ်သူကသာ ကဗျာစာအုပ်ကို ၀ယ်ဖတ်ရတာမဟုတ်လား။

-                     ဒါ့ကြောင့် ဒီနေရာမှာ သူ့ကဗျာတွေအကြောင်းကို ကျွန်တော်က ရှောင်ပြီးပြောဖို့ရည်ရွယ်ပါတယ်။ ပိုပြီးရှင်းရှင်းလင်းလင်းပြောရရင် ကဗျာဖတ်သူ တစ်ဦးတစ်ယောက်ဘက်ကနေပြီး ဆွေးနွေးလိုတဲ့သဘော၊ အကြံပေးလိုတဲ့သဘောလောက်သာ ပြောဖို့ ရည်ရွယ်ပါတယ်။

-                     များသောအားဖြင့် ကဗျာဖတ်သူတွေဟာ ကဗျာတစ်ပုဒ်ကို ဖတ်ပြီဆိုရင် ကဗျာဆရာရေးထားတဲ့အတိုင်း တစ်သဝေမတိမ်း ဖတ်ခဲ့ကြ၊ ဖတ်နေကြတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ငါဖတ်တာ သူ့ပန်းတိုင်မှဆိုက်ပါ့မလား။ မဆိုက်ရောက်နိုင်ဘူးဆိုရင်လည်း ကဗျာဆရာဘက်က ဖြစ်ဦးမယ်။ ငါရေးထားတာက ဒီလို၊ ဟိုလူအဓိပ္ပါယ်ကောက်တာကတော့ … သွားပါပြီကွာ … စသဖြင့်ပေါ့ဗျာ။ ဒါ ဖြစ်နေကျမဟုတ်လား။ ဒီနေရာမှာ ကျွန်တော့်လို ကဗျာဖတ်သူတွေကို ကျွန်တော် အကြံပေးလိုတာက မိမိဘာသာမိမိ လေ့လာ၊ သင်ယူရရှိခဲ့တဲ့ ကဗျာဖတ်နည်း (ဒါမှမဟုတ်) ကဗျာဖတ်ကျင့်အပေါ် မိမိ ကိုယ် မိမိ ဖျင်ကြည့်ဖို့ပါပဲ။ ကဗျာဆရာက ကဗျာကို စကားလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ ပြီးရင် သူ့ ကဗျာကို ကဗျာဖတ်သူဖတ်ဖို့ စာမျက်နှာပေါ်တင်ပေးလိုက်တယ်။ ဒီနေရာမှာ ကဗျာဆရာရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီဆိုတာပါပဲ။ ကျန်တာက ကဗျာဖတ်သူရဲ့ကိစ္စ၊ ကဗျာဖတ်သူရဲ့ အခွင့်အရေးပါပဲ။ ဒီ့အတွက် ကဗျာဖတ်သူက ဒီ ကဗျာကို သူ့လေ့လာမှု၊ သူ့အတွေ့အကြုံနဲ့ပဲ ဖတ်မှာဆိုတာပါပဲ။ ဒီ ကဗျာရဲ့ နောက်ကြောင်း သူဘာမှသိမှာမဟုတ်ပါဘူး။ သူသိထားတာက ကဗျာရေးသူ ကဗျာအဖြစ်တည်ဆောက်ထားတဲ့ စကားလုံး အစုအဝေးပဲ။ ဒီနေရာမှာ သူ့လေ့လာမှု၊ သူ့အတွေ့အကြုံအဆင့်အတန်းအရ လိုင်းတွေကို ဟိုလိုပြောင်းကြည့်၊ စကားလုံးအတွဲအစပ်တွေကို တစ်မျိုးပြင်ချင်ပြင်ကြည့်။ ဒီလိုလုပ်တဲ့အခါ အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲဆိုတော့ ကဗျာဆရာရဲ့ သူ့မူလကဗျာထက် ပိုကောင်းသွားနိုင်သလို (ဒါမှမဟုတ်) ပိုမကောင်းရင်ပဲထားဦး၊ အမြင်ကတော့ တစ်မျိုးတစ်မည် ပြောင်းသွားချင် ပြောင်းသွားနိုင်တာပါပဲ။ “ကဗျာဆရာသေဆုံးခြင်း”ဆိုတာ ဒါပဲမဟုတ်လား။ ဒါ ကဗျာဆရာကို စော်ကားတာ မဟုတ်ပါဘူး။ ကဗျာဆရာက သူ့အခွင့်အရေးကို သူ အပြည့်အ၀ အသုံးချသွားသလို၊ ကဗျာဖတ်သူဘက်ကလည်း ကဗျာဖတ်သူဘက်က အခွင့်အရေးကို အပြည့်အ၀ အသုံးချခွင့်ရှိတယ်ဆိုတာကို ကျွန်တော် ပြောလိုရင်းဖြစ်ပါတယ်။

-                     ဒီနေရာမှာ ကဗျာရေးသူက ဘယ်ရှုထောင့်ကရေးသလဲဆိုတာထက် ကျွန်တော်တို့က ဘယ်ရှုထောင့်ကဖတ်မလဲဆိုတာက ပိုအရေးကြီးပါတယ်။
( ဒီအရေးကြီးတယ်ဆိုတာကလည်း “ကဗျာဖတ်ပုံ၊ ကဗျာဖတ်ကျင့် မိမိကိုယ်မိမိ ဖျင်ကြည့်ခြင်း” ဆိုတဲ့ ကျွန်တော့်ခေါင်းစည်းအောက်က ကိစ္စလောက်ကိုပဲ ရည်ညွှန်းပါတယ် )
ဥပမာ ယဉ်ကျေးမှုရှူထောင့်က ဖတ်မလား၊ နိုင်ငံရေးရှူထောင့်ကဖတ်မလား၊ ဆေးပညာရှုထောင့်က ဖတ်မလား။ ဒါ ကဗျာရေးသူရဲ့ ကဗျာကို ဖျက်စီးနေတာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော် လေးလေးနက်နက် ပြောတာပါ။ ကျွန်တော်တို့ရဲ့ ကဗျာဖတ်ကျင့် မိမိကိုယ်မိမိ ဖျင်ကြည့်ဖို့ပြောတာပါ ။ အဲ့ဒီလို အလေ့အကျင့်တွေ များများရှိလာရင် ဘယ်လောက်ကောင်းမလဲ ။ ကဗျာဆရာတွေက သူတို့ ကဗျာနဲ့ပတ်သတ်လို့ အဓိပ္ပ်ါယ်ကောက်ချက်တွေကအစ ကြီးစိုး နေရာယူလာကြတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒါ ကျွန်တော် ကဗျာဆရာတွေကို ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်လို ကဗျာဖတ်သူတွေ ကိုယ့်အခွင့်အရေး ကိုယ်မေ့လျော့နေတာကို ပြောတာပါ။ ကျွန်တော်တို့ရဲ့ ကဗျာဖတ်ကျင့်ကို ကျွန်တော်တို့ကိုယ်တိုင်ဖျင်မှ။ အဲ့ဒီလိုဖျင်ဖို့ အရင်ဆုံးလိုအပ်တာက ဖျင်ကြည့်ချင်စိတ်ကလေးပါပဲ။


-                     ဥပမာ စိုင်းဝင်းမြင့်ရဲ့ “ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ခင်ဗျား” ကဗျာကို သူရေးထားတဲ့အတိုင်းဖတ်၊ ဖတ်ပြီးသွားရင် ဘာရရှိလိုက်သလဲ။ သြော်… ဒီ ကဗျာဆရာ တွေ့မှတွေ့တတ်လိုက်တာ . လမ်းပေါ်မှာ ချရောင်းနေတဲ့ အရုပ်ကလေးတွေအကြောင်း ရေးထားတာ ရိုးရိုးရှင်းရှင်းကလေးပဲ။
နားလည်လို့လည်း လွယ်တယ်။ ကျွန်တော်တို့ ဒီလိုပဲ ဖတ်ခဲ့ကြ၊ ဖတ်နေကြတုန်းပဲလား။ နောက်ဆုံး . . . ကဗျာထဲမှာ မျောနေတာမှ ကဗျာရဲ့ခေါင်းစဉ်ကိုတောင်မှ သတိမထားမိအောင်ကိုပါပဲ။
ဒီလိုပဲ ရိုးရိုးသားသား ဆက်ဖတ်ကြ၊ ကဗျာကပြောတာ နာခံကြရတော့မှာလား။ ကဗျာလို့ဖွဲ့စည်းထားတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်ကိုရောက်ဖို့ မကြိုးစားတော့ဘူးလား။ ကျွန်တော့်အမြင်ပြောရရင်
ဒီကဗျာရဲ့ နောက်ကွယ်ကိုရောက်ဖို့
( ဒီကဗျာတစ်ပုဒ်တည်းကိုသာ ဒီနေရာမှာ ရည်ရွယ်ပါတယ် ) တွန်းဖွင့်ဖို့ တံခါးဟာ ဒီကဗျာရဲ့ ခေါင်းစဉ်ကိုယ်တိုင်ပါပဲ။ ဒီလိုဆို ကဗျာဖတ်သူအနေနဲ့ ဘယ်ရှုထောင့်ကဖတ်မလဲ။ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု . . . စသဖြင့် နယ်ပယ်ပေါင်းစုံ ၊ ဘက်ပေါင်းစုံက ဖတ်ကြပါစို့လား။ ဥပမာ ရှုထောင့်တစ်ခုကဖတ်ရင် ဒီကဗျာထဲက ရွှေငါးကလေးတွေ ဘယ်ကလာသလဲ။ ပြီးတော့ ကျွန်တော်တို့ကို ဆွဲဆောင်ပုံဟာ ဘာကြောင့်ဒီလောက်ဈေးပေါနေရတာလဲ။ ဗုံကိုသာ အဆက်မပြတ်တီးနေရင် ဘယ်နရက်ခံမလဲ ။ ဒါမှမဟုတ် ဒီအရုပ်လေးတွေ ၀ယ်ယူသူ ကိုယ်တိုင်ဟာရော အဲ့ဒီရွှေငါးလေးတွေနဲ့ ဘ၀တူတွေလား။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက  ကဗျာဖတ်သူရော ဒီကဗျာထဲ တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သတ်နေရတယ်လို့ ထင်မြင် မယူဆမိဘူးလား။ ဒါမှမဟုတ် တခြားရှုထောင့်တစ်ခုက ထပ်ချဉ်းကပ်ကြည့်ကြပါစို့လား။ ။


မိုးဝေး

(၁၂-၃-၂၀၀၆)




Leave a Reply.