ရေစီးကြောင်း
(၁)
မြစ်တွေရဲ့ အမှားကို မြိုချရင်း
ပင်လယ်ဟာ
ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့။ ။

(၂)
နှစ်ချို့ ဒီရေတွေဆန်တက်လာချိန်ကျတော့
ရေငန်တစ်စက်ဝင်ရင်တောင်
မျက်နှာမဲ့တတ်သူ မြစ်ဖျားတွေပါ....အမေရယ်။ ။

မောင်ချောနွယ်
=========
=========================
ခွဲခွာချိန်

- - - - - - 
နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်…
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး…

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ… တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ…ဖြစ်…လို့…ခွဲ…ရ…မှာ…လဲ…ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို… ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်…
အခုတော့…

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း…သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။



- မင်းခိုက်စိုးစန်


================================



အချစ်ရယ်...
ကောင်းကင်ကို အသစ်လဲခဲ့မယ်ဆိုတဲ့ အရေပြားဟောင်းနဲ့ လူရဲ့စကားဟာ လေထဲမှာပဲ ပါးလျ မွန်းလွင့်သွားနိုင်ပါတယ်။

လောကဆိုတာ ကျေးဇူးတင်စရာများတဲ့အရပ်ပါ။
အေးမြတဲ့ရေတွင်းကလေးတွေ၊ ပေါင်မုန့်ဖုတ်သူတွေ၊ လိမ္မော်ရနံ့တွေ၊ ရောင်စုံဓါတ်ပြား လေးတွေ၊ ပြက္ခဒိန်ပေါ်က ပွဲတော်ရက်တွေ၊ ညီညာတဲ့မြေနီလမ်းကလေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးပြားတွေ နဲ့ အနွေးထည် ရက်သူတွေက စလို့ပေါ့။

ခွင့်လွှတ်ပါ အချစ်ရယ်။ အဲသလိုနဲ့ကိုယ်ဟာ... ကဗျာဆရာ ဖြစ်ခဲ့ပါတယ်။

သစ္စာနီ (စပျစ်သီးထဲက အိပ်မက်များ)

====================================

    ကဗျာဆရာ အချို့ ...

    ... အချို့သော ကဗျာများ ။

    Archives

    December 2011