(၀)
ရွပ်ရွပ်ချွံချွံ မတိုက်ခိုက်လိုက်ရဘဲ အလံရိုက်ချိုးခံလိုက်ရတဲ့ စစ်ပွဲမှာ
ငါ .. သူရဲကောင်းမဖြစ်ချင်တော့ဘူး ... ။
(၁)
ပဲ့တင်သံပြန်မလာတော့တဲ့ အရပ်တစ်ခုကို ငေးမောရင်း .. ကျွန်တော် .. တိတ်တဆိတ် ကျန်နေခဲ့ပါ့မယ်။
မျက်ရည်တွေ နှင်းလိုဝေတဲ့ ရာသီမှာ .. မပွင့်ပဲကြွေသွားရတဲ့ ပန်းရာဇ၀င်တစ်ခုကို ဘယ်ဘာသာစကားနဲ့ ရေးခြစ်ထားရမလဲ ။
ဘယ်လို အင်္လကာနဲ့ပဲ ခေါ်ခေါ် ပြန်မလာတော့မှာ သေချာတဲ့ သီချင်းကလေးတစ်ပုဒ်ပါ ။
သတိရတိုင်း အလွမ်းတွေက မှိုင်းမှိုင်းညို့လာတယ် ။
အံတင်းတင်းကြိတ်ထားပြီး ဘာရယ်မဟုတ်ပါပဲ အဝေးကို မျှော်ငေးတတ်လာချိန်တွေ များလာတဲ့ အခါ
ကျွန်တော် .. မပျော်တော့မှန်း "သူ့" ကို မသိ စေ ချင် ဘူး ။
ချိန်ရွယ်ထားမှန်းသိပေမယ့် .. ဒီနေရာမှာ မျက်တောင်တစ်ခတ်စာလေးပဲဖြစ်ဖြစ် .. ကျွန်တော် ရပ်တန့်နေပါရစေလား ။
မျှော်မိတိုင်း ဝေးရာကို ပိုပြီးတော့ စီးဆင်းသွားတတ်တဲ့ လွဲချော်မှုတွေထဲမှာ လက်ချည်းသတ်သတ် လှည့်ပြန်ခဲ့ရတဲ့ ရာသီတွေ .. သိပ်ကို များလွန်းနေခဲ့ပါပြီ .. ။
ဘယ်အရပ်ကိုပဲ မျက်နှာလှည့်လည့် ဆူးတွေနဲ့ မလွတ်တဲ့ ဘ၀မှာ "သူ့" ကို ချစ်မိတဲ့ အဖြစ်ကလဲ ဆူးတစ်ချောင်းလို ကျွန်တော့်ရင်ကို နာကျင်စေခဲ့တယ်။
ကံဆိုးလွန်းသူရဲ့ အိပ်မက်ပျက်ပါ .. ။
မှိုင်းညို့နာကျင် အလွမ်းတွေ နဲ့ ကြယ်တွေ ဆိုးဆိုးဝါးဝါးကြွေနေတဲ့ နက္ခတ်ရောက်မှ ကျွန်တော်ဟာ အဲ့ဒီကောင်းကင်ကို
မော့ကြည့်မိလျက်သား ဖြစ်နေခဲ့ရတဲ့သူပါ ။
(၂)
ဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့ရတဲ့ ခပ်ညံ့ညံ့ ပုံပြင်တစ်ပုဒ်ပါ ။
ကိုယ့်ကိုယ်ကို ငုံ့ကြည့်ပြီး ဘယ်နားချထားရမှန်းမသိအောင် ရပ်တည်မှုတွေ ပျောက်ဆုံးနေတဲ့လမ်းမှာ
''သူ့'' နာမည်လေးကို ကျွန်တော် အလွတ်ရနေသေးတာ ဘယ်သူ့အတွက် နာကျည်းစရာဖြစ်နေခဲ့သလဲ။
သီချင်းတွေပဲဆိုဆို၊ တေလေတစ်ယောက်လိုပဲ လွင့်လွင့် .. ငါ့နာမည်မှာ မျက်ရည်ရနံ့တွေရတဲ့ အခါ ဘယ်သူတွေက နားလည်ပေးကြမှာလဲ ။
ကျောက်ရုပ်လို ငြိမ်သက်ရပ်တန့်နေတဲ့သူကိုမှ လေပူနဲ့ တဟူးဟူး ၀ိုင်းမှုတ်ကြတဲ့ မြို့တော်မှာ ခေါင်းငုံ့ပေးနေရတာ
ကြာတော့လဲ ... ညောင်းတယ် ။
ဘာကိုမှ ရယ်သွမ်းမသွေးရက်ပါဘူးလေ ။
ငေးမောရပ်ကြည့်နေရုံလေးနဲ့တင် လွင့်စင်ရှုံးနိမ့်သွားရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
ခေါင်းတစ်ခါခါနဲ့ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။
သူများတွေ ဓားလွတ်ကိုယ်စီနဲ့ အောင်ပွဲခံနေချိန်မှာ ငါ့ကျမှ မြားမရှိတော့တဲ့လေးကို ဘာဖြစ်လို့ လာပေးရတာလဲ ။
ဒဏ်ရာရဖူးတဲ့ စစ်သူရဲက သူ့ကိုထိုးစိုက်တဲ့ဓားကို ဘယ်တော့မှ မမေ့နိုင်သလိုမျိုး
ထွေရာလေးပါး စကားတွေ ပြောနေရင်းနဲ့ "သူ့" ကို လွမ်းတဲ့ စိတ်က တဆစ်ဆစ်နဲ့ နာတယ် ။
သွားကြပါတော့ .. ။ သွားကြပါတော့ .. ။
တစ်ဘ၀လုံးမှာ ကျွန်တော်ပြောခွင့်ရခဲ့တာ .. အဲ့ဒီ စကားလုံးတွေပဲ ဖြစ်မှာပါ . . ။
ဒီလိုနဲ့ပဲ ... ။
နှင်းခါးတွေ စိုစွတ်နေတဲ့ ဒိုင်ယာရီ စာမျက်နှာတွေ ပေါ်မှာ လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းတွေ လဲပြိုပျောက်ဆုံးသွားခဲ့ရတယ်။
ရင်ထဲမှာ မီးထတောက်မတတ်ပူလောင်နေတဲ့လူငယ် ဘယ်ရာဇ၀င်ကိုထမ်းပြီး လှည့်ပြန်ခဲ့ရမလဲ ။
(၃)
မီးတစ်ထောင်ထွန်းညှိထားတဲ့ နက္ခတ်မှာ ငါပျိုးခဲ့တဲ့ပန်း ဘယ်တော့မှ မပွင့်နိုင်တော့ဘူးလား ။
ငါ့နာမည်ကို လွှတ်ချခဲ့တဲ့ သူစိမ်းတရံဆံတွေရဲ့ပွဲတော်မှာ .. ဘယ်ရေငွေ့နဲ့ပဲ မှုတ်မှုတ် ငါ့အတွက် မိုးမရွာတော့ဘူးဆိုတာ
တကယ့်ကိုသေချာသွားခဲ့ပါပြီ .. ။
ဟိုးအဝေးက အောင်ပွဲခံ တံပိုးခရာတွေ မှုတ်သံကြားထဲကနေ ကျွန်တော်လှည့်ထွက်လာခဲ့တော့ ..
ကောင်းကင်မှာ မြူလိုလို .. မီးခိုးလိုလိုနဲ့ .. မှောင်လိုက်တာ ... ။
(၄)
ချစ်သူ့တေလေမြို့တော်ရေ
ငါလေ .. ငါ ..
ဘာမှ ယူမသွားရက်ခဲ့ပါဘူး .. .. ။ ။