တစ်ခုသော အဲ့ဒီနေ့စွဲမှာ
အချစ်ဟာ ..
ကျားကိုးစီးစားရင် ကုန်သွားမလား စိုးရိမ်ရတဲ့ တစ်စုံတစ်ယောက်နဲ့
လက်တွဲလမ်းလျောက်လာပါတယ်
(လမ်းလျောက်လာတယ်လို့ ထင်ရပါတယ်)
ရာသီဥတုက သမမျှတလို့ ...
လမ်းပေါ်မှာ ...
လူပေါင်းများစွာ
ဝမ်းတစ်ထွာပေါင်းများစွာ
အဲ့ဒီတစ်ခုသော နေ့စွဲမှာ ...
အချစ်ကို ကျွန်တော်ပြုံးပြဖူးပါတယ် ... ။
နာရီတွေကလဲ အူကြောင်ကြောင်နဲ့
ကျွန်တော့်ကို ပြုံးပြဖို့ ကြိုးစားနေကြတယ်
"နွားအလုပ်တွေ လုပ်ဦးမလို့လား"
တီးတိုးပြောတဲ့ သူငယ်ချင်းမကို ကျွန်တော် အသဲအသန် ပြုံးပြရသေးတယ်
ကယ်တော်မူကြပါ အရပ်ကတို့
ကျွန်တော်ပြောချိန်မရလိုက်ဘူး
အချစ်နဲ့ ကျားကိုးစီး ကျွန်တော့်ရှေ့ကိုရောက်လာတယ်
လူတိုင်းမှာ ၀မ်းတစ်ထွာစီရှိကြတယ် မဟုတ်လား
ကျွန်တော် နွားအလုပ်တွေ မလုပ်တော့ဘူး
သူငယ်ချင်းမက ကျွန်တော့်ကို ကောင်းချီးပေးတယ်
ကျားကိုးစီးက ကျွန်တော့်ကို သွားဖြဲပြတယ်
ဟုတ်ကဲ့ပါ
ကျွန်တော် ... နွားအလုပ်တွေ မလုပ်တော့ဘူး ။ ... ။
(မိုဃ်းဝေ)