. . . . . . . . . . . . .
မုသားမပါခဲ့တော့
ငါ့ကဗျာတွေလဲ အဆင်မချောဘူး ငါတစ်ယောက်တည်းမိုးမိနေခဲ့တာ
ခိုက်ခိုက်တုန်နေပြီ ... ။
အမှန်တရားကို ကြိုးညှိမထားမိဘူး
ငါ တီးခတ်လိုက်တိုင်းမှာ အသံကြောင်ပဲထွက်တယ် စွယ်တော်ရွက်သီချင်းတွေ ငါမှ မဆိုတတ်ခဲ့ပဲ ... ။
ခြောက်ကပ်ကပ်လေထုကတဆင့်
(သူ) ဆိုတဲ့အသိကို ရှူသွင်းပြီး
(ငါ) ဆိုတဲ့အသိနဲ့ ရှိုက်ထုတ်လိုက်ရတာ
မွန်း .. ကြပ် .. လွန်း .. တယ် ... ။
တကယ်ဆို
ငါ .. ညီမျှခြင်း .. အတ္တ (အပေါင်း) စိတ္တဇ
ဒီညလဲ အိပ်လို့မရပြန်ဘူး ... ။
မစားရက် မသောက်ရက်
အလှကြည့်နေခဲ့တဲ့ညတစ်ညဟာ
(အရင့် အရင်ညတွေလိုပဲ) တဖြေးဖြေးရောင်နီလင်းလာမလား
အတွေးမျှင်တစ်စဟာ
အိပ်မက်တစ်ခုဖြစ်လာဦးမလား
ကောင်းကင်ကိုမော့ကြည့်လိုက်တော့ အမြဲမြင်နေကျ ကြယ်တစ်စင်း လင်း .. နေ .. တုန်း .. ပဲ ... ။
ဟုတ်တယ်
အဲ့ဒီကောင်းကင်ကို မြင်ခွင့်ရနေတာကိုက ပင်လယ်ပြင်တစ်ခုလုံး အပိုင်ရနေသလိုလို
လူကို ... ရူး .. သွပ် .. မိုက် .. မဲ .. စေ .. တယ် ... ။
ဖျော့တော့တော့အသိဥာဏ်တစ်ခုဟာ ဘာဆက်ပြောရမယ်မှန်းမသိအောင်
ငေးရီဆွံ့အလို့
အဆုံးသတ်ကို ၀ိုးတ၀ါးစိန်ခေါ်ချင်နေတယ် ... ။
အမူးတကာ့ အမူးထဲမှာ .. ညကိုယစ်မူးမိတာ အဆိုးဆုံးပဲ .. ။ အရူးတကာ့ အရူးထဲမှာ ညမွန်းတည့်ချိန်အရူးက နေအမြင့်ဆုံးပဲ ... ။
ရူးပါတယ်
ဒီညလဲ ခါတိုင်းလိုပဲ ရူးမိပါတယ်
ရေးမိတဲ့ ကဗျာတစ်ပုဒ်တောင် စိတ္တဇနဲ့ မလွတ်ကင်းချင်ဘူး ငါ .. ညီမျှခြင်း .. အတ္တ (အပေါင်း) စိတ္တဇ
ဒီညလဲ ... အိပ် .. လို့ .. မ .. ရ .. ပြန် .. ပါ .. ဘူး ... ။ ။
-- မိုဃ်းဝေ
(၁၅.၇.၂၀၁၂) မနက် ၃း၄၀