မိသားစု
........................
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ.. မလင်းတဲ့မီး
ငါ့မိသားစုမှာ .. ငါဟာ မလုံခြုံတဲ့ .. ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ
===========================================
........................
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ.. မလင်းတဲ့မီး
ငါ့မိသားစုမှာ .. ငါဟာ မလုံခြုံတဲ့ .. ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ
===========================================
အပေါ့ပါးဆုံးအရာထဲမှာ ဘာမှမပါ ...
ဂစ်တာလို၊ ကွန်ပြူတာလို
ကြာရင် လက်ကွက်မေ့တာမျိုး မဟုတ်ဘူး
ငါမသေဘူး ရေကူးတတ်ခဲ့သလို
ဘယ်အချိန်နင်းနင်း
ဟန်ချက်ညီညီ
ရှေ့ဆက် ရှေ့ဆက် ရှေ့ဆက်
လမ်းအသွယ်သွယ်ဆိုပေမယ့်
တကယ့်ဘ၀ဟာ
တိုးဝင်ပျောက်ကွယ်သွားဖို့ပဲ
အမှောင် တစတစ
ကျနေဆဲမှာ
စက်ဘီးဟာ ရှေ့ဆက်ဆဲ
မိုးရေထဲမှာ
ဖုန်တလိမ့်လိမ့်ထဲမှာ တလှိမ့်လှိမ့်
မျက်ရည်စိုနေတဲ့
မြက်လမ်းသွယ်လေးထဲမှာ
မြူနှင်းတွေ ထွင်းဖောက်လို့
ဘီးရှေ့အနည်းငယ်လောက်ကိုသာ
စိုက်ကြည့်ပါလေ
ချိုင့်ခွက်တွေထဲ ရေ၀င်နေတော့
အတိမ်အနက်ကို မသိဘူး
ရှေးဆရာတွေရဲ့ ဘီးရာတွေကိုတော့ တွေ့တယ်
ဘီးရာအတိုင်း သွားရတာ
အန္တရာယ်တော့ နည်းတာပေါ့
အတိမ်းအစောင်း မရှိသလောက်ပါပဲ
ဒါပေမဲ့ ပျင်းစရာ
မလျှောက်ဖူးတဲ့နေရာ
မကျရောက်ဖူးတဲ့ အမှတ်အသားကိုမှ
စမ်းသပ်ချင်တယ် မဟုတ်လား
အနည်းငယ် တိမ်းစောင်းကြည့်တယ်
အရာမရှိသေးတဲ့မြေပေါ် နင်းကြည့်တယ်
ရှေ့ရောက်သွားတော့လည်း ပျော်စရာ
အခုပဲ မှောက်တော့မလိုလိုဖြစ်ပြီး
တစ်ဘီးစာ နှစ်ဘီးစာ
လွန်မြောက်သွားတော့လည်း
ပို၍ပျော်စရာ
လက်အထိန်းတိုင်းဟာ
ရင်ခုန်စရာ
လေကို ထိုးခွဲသွားရတာ
အရှိန်အဟုန်မှာ
ရင်ခုန်စရာ
ရှေ့ကလာနေတဲ့
စက်ဘီးတွေ စက်တပ်ယာဉ်တွေ
လူတွေကိုလည်း
အကြည့် တမော့စာလောက်သာ
လက်ဝဲ လက်ယာ
လယ်ကွင်းစိမ်းစိမ်းတွေကိုလည်း
မငေးအား
ရှုခင်းဟာ လှနေလည်း
ဆင်းကြည့်ဖို့ မလိုအပ်ဘူး ဆိုတာလောက်တော့
လိမ္မာတာပေါ့
သူ့ဘ၀ ကိုယ့်ဘဝ
ရှေ့ဆက်သွားတုန်း
နေ၀င်တိမ်တွေ လွင့်နေတုန်း
လမ်းကိုတော့ ရှင်းထားတာပဲ
သူတို့ကို ဘဲလ် ပေးထားတယ်
သူမရှောင်တာကတော့
ကိုယ်မလွတ်တာပေါ့
အတက်အဆင်း
အကွေ့အကောက်မှာ
ကျွန်တော်တစ်ယောက်တည်း
တွေ့သမျှလမ်းကို
စမ်းနေတာတော့ မဟုတ်ဘူး
ကိုယ်ယူထားတဲ့ လမ်းနဲ့ပဲ
ကိုယ်ရှိခဲ့တယ်
ကိုယ်ရှိခဲ့တယ် ရှိနေတယ် ဆိုရုံလောက်ပဲ
ကိုယ်ထင်ပြလို့
တစ်စုံတစ်ခုကို
သယ်ဆောင်လာတာတော့ မဟုတ်ဘူး
ရှေ့ကိုတက်မှသာ
ကျုပ် လဲမကျဘူး
တစ်ခါက ဖတ်ခဲ့ဖူးတဲ့
ကဗျာတိုလေးက အခုမှ အတွေးရှည်ရှည်
ကိုယ့်ရဲ့ ကွေ့ကောက်မှုဟာ
နောက်ဆုံးတော့ မင်းဆီရောက်မှာပဲ
နယ်နိမိတ်တွေကို ဖြတ်ခဲ့တယ်
ကိုယ်ဟာ စိုက်ခင်း
ကိုယ်ဟာ ကြဲခင်း မဟုတ်ဘူး
ကိုယ်ကျန်ခဲ့တာက
ကိုယ်ရှင်သန်ခဲ့တယ်ဆိုတာ တစ်ခုပဲ
ရှေ့လမ်းဟာ
ရှေ့တစ်လမ်းဟာ
ကိုယ်သေဖို့ပဲ
ကိုယ်တွေးနေတာ
ဘီးရဲ့ အစကနေ
လမ်းရဲ့ အစဆီသို့
တစ်ယောက်သွားလမ်း
စွန့်စားခန်းများစွာ
ကမ္ဘာ ။ ။
=================================
ကြွက်
သွားတွေ ယားနေတာပဲ
တစ်ခုခုကို ကိုက်ဖြတ်ဖို့
စာအုပ်ဖြစ်ဖြစ် ၊ ကျောက်တုံးဖြစ်ဖြစ်
နည်းနည်း နည်းနည်းနဲ့ ကိုက်ဖြတ်ဖို့
တစ်အိမ်လုံး လှည့်ပတ်ပြေးနေတယ်
နေရာအနှံ့ ကြွက်လျောက်တန်း
စာအုပ်တွေ၊ ဘုရားပန်းအိုးတွေနဲ့ အကာအကွယ်ယူ
သူမဟုတ်သလို အမှောင်နဲ့ အကာအကွယ်ယူ
စောင့်ကြည့်လိုက်ရင် ငြိမ်လို့
အရာဝတ္ထုတွေနဲ့ အရောင်တူဟန်ဆောင်လို့
ကိုယ်ထင်ပြလာတယ် တဖြည်းဖြည်းနဲ့ ပမာမခန့်
လှစ်ခနဲပြေးဆင်းလာလိုက် ၊ အထိတ်တလန့်နဲ့ ပြေးတက်သွားလိုက်
သဘောထားက ပြတ်သားတယ်
အရသာမတွေ့လည်း အယားပြေ
တစ်ခုခုကို ကိုက်ဖြတ်ပစ်လိုက်ဖို့ပဲ
လက်နှီးစုတ် ၊ တံမြက်စည်း ၊ အိမ်သုံးပစ္စည်း
ပလတ်စတစ်မုန့်ဘူးထဲ အဖုံးဖောက်ဝင်သွားတယ်
စာရွက်မှာ ဘာရေးထားသလဲ မသိဘူး
ဆွမ်းတော်ပန်းကန်ထဲက အသားတစ်ဖတ် ကိုက်ပြေးသွားတယ်
အမြဲတမ်းဆာလောင် ယောက်ယက်ခတ်နေတော့တာပဲ
အဖေ့ရဲ့ သေစာရင်းလည်း တစ်စစီ
ကျွန်တော့်ရဲ့ မွေးစာရင်းလည်း ဘယ်လိုမှ ဆက်စပ်မရ
လင်ခန်းမယားခန်းထဲအထိ တကျွိကျွိအော်
ထောင်ချောက်တစ်ခုဝယ်ရင်ကောင်းမလား
ထောင်ချောက်ထဲကနေ စဉ်းစားတယ်
အဆိပ်ခတ်လိုက်ရင် ဘယ်မှာ သေမှန်းမသိ
အပုပ်နံ့က ပျံ့နှံ့ဦးမယ်
ကိုယ်ကလည်း ဘယ်အရာကိုမှ မပျက်စီးစေချင်ဘူးဆိုတော့
သွားတွေ ယားနေတာပဲ ။ ။
=================================
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ခင်ဗျား
အစာမကျွေးရဘူး
ရေမတိုက်ရဘူးအပြင်
ဓာတ်ခဲမထည့်ရဘူး ဆိုတာကလည်း
စိတ်ဝင်စားစရာ ကစားစရာတစ်ခုပါပဲ
ကြည့်လေ၊ ရွှေငါးကလေးများရဲ့ ရေအောက်ကမ္ဘာ
သင့်ရှေ့မှောက် အရောက်ယူလာခဲ့ပါတယ်
( ပလက်ဖောင်းပေါ် ရေဇလုံလေးချ ကူးခတ်လို့ )
တစ်ပေပတ်လည် အထပ်သားပေါ်
တွားသွားတွားသွားရင်းနဲ့ အဝေးရောက်ကမ္ဘာ
ကလေးများအတွက် အိမ်ပြန်လက်ဆောင်ပေါ့
လူအုပ်ထဲ နောက်ကျွမ်းပစ်ဝင်သွားတာ
ဗုံကို အဆက်မပြတ်တီးနေတာ
နေရောက်အောက်က ရွှင်ပျော်ပျော်ကမ္ဘာ
အ၀ိုင်းထဲ ရထားပြေးနေတယ်
မိတ်ဆွေများကို လက်ယက်ခေါ်နေပါတယ်
လေ့လာပါ၊ စမ်းသုံးကြည့်ပါ ၊ အသုံးတည့်မှဝယ်ပါ
မြို့တော်သူမြို့တော်သားများ
ခရီးသွားရင်း နားဆင်လို့ရပါပြီ ။ ။
(၂၀၀၅)
=================================
ဘ၀ကုန် ကုန်ထမ်းသမား
အခုလို တက်နေတဲ့အတိုင်း
ဆက်ဆက်ခုန်တက်သွားဖို့ပဲလေ
သံပုရာသီးကစတင်မယ်ဆိုရင်
ဟင်းသီးဟင်းရွက်ကလည်း နေရင်းထိုင်ရင်း ရွှေတွင်းပဲ
အားလုံး စားကုန်သောက်ကုန်
ကုန်တင်ကုန်ချ အကုန်တင် အကုန်ချ
ဘ၀ကုန် ကုန်ထမ်းသမား ပခုံးသားများ
ရေတစ်တန် ကုန်းတစ်တန် အဝေးကြီးက အရောက်ရောက်ခဲ့တာ
ဘဲဥလည်း ဘဲဥအလျောက်
မီးသွေးလည်း မီးသွေးအလျောက်
အရသာကိုတော့ လျော့မထားဘူး (ဘယ်ဘ၀ရောက်ရောက်)
သံပုရာသီးဟာ အလုံးလည်းမလျော့ အရပ်လည်းမလျော့
နှစ်တစ်ရာတိုင်ခဲ့ပြီ တိုင်းကျော်ပြည်ကျော် သံပုရာသီး
မီးဖိုချောင်ထဲ ရေခဲသေတ္တာထဲ အိမ်ရှင်မဈေးခြင်းထဲ
သံခင်းတမန်ခင်း ဧည့်ခန်းထဲ
အပြွတ်လိုက် အခိုင်လိုက်သီးနေတာ အရည်တရွှမ်းရွှမ်း
ကိန်းဂဏန်းတွေနဲ့ စိမ်းလန်းလို့
တွံတေးမာလကာ အောင်ပန်းလိမ္မော် မော်လမြိုင်ကျွဲကော
ပန်းတနော် ကွမ်းလဲပါတယ်
အားလုံးဟာ ဒေသထွက် အသားတံဆိပ်
မြို့နဲ့ရွာနဲ့ ဘ၀ကို တွဲအော်ရတာ
ဒိုက်ဦးက ဖရဲသီးတစ်လုံးဟာ ရန်ကုန်မှာ တစ်စိပ်
ကျွန်တော်တို့ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း အစိပ်စိပ် အမွှာမွှာ
ကိုယ့်အတွက်ချည်းပဲ မစားနဲ့ သခင့်အတွက်လည်းစားဆိုတဲ့
ဝက်မွေးသမားတွေလည်းပါတယ်
ကြက်သွန်နီဥဟာ အရွယ်အစားနဲ့ ဈေးကစားရတာ
နေရာအနှံ့ ခေါင်းဝင်ကိုယ်ဆံ့
နည်းနည်း နည်းနည်း မသိမသာ သိသိသာသာ
အရင်းက ဘယ်ဟာ အမြတ်က ဘယ်ဟာ
အရွယ်ကိုလိုက်၍ ဘ၀ကိုချိန်ဆပါ။ ။
(၂၀၀၅)
=================================
ဆိုက်ရောက်မှုတိုင်းဟာ
မတွေ့တာကြာပြီဆိုတော့
မကြာတာတွေ့နေရတာပေါ့
တွေ့တွေ့နေရတဲ့ သူ့အတွေ့မှာ ကိုယ်လည်းမရှောင်နိုင်
အခုတော့ သူ့အရိပ်တွေ ဘ၀မခြားပဲ ကိုယ်ပြန်စိုက်နေရပြီ
ထူးမခြားနားဘ၀ အခုပဲ လူလဲသွားတာ
လဲသူ သူပဲ ကိစ္စရှိခဲ့ရင်ပေါ့လေ
တဟူးဟူးလေထဲ ကိုယ်လည်း လေနေပြီ လဲနေပြီ
ဝိုင်းကူပြီး စဉ်းစားလို့ရလား အရူးမီးဝိုင်း အရိုင်းမီးကူး
အခုပဲ ချိုးကွေ့ဝင်ရောက် ပျောက်ကွယ်သွားတော့ မလို
ကမ္ဘာမှာ ကဗျာက အရာမထင်
ဇာတ်လမ်းက ဖြတ်လမ်းမရှိ
သင်လည်းရာရာစစ အစစအရာရာ အရောတ၀င်
အရတွေကြွယ် အရွယ်တွေကျလို့
လှီးဖြတ်ယူသွားဖို့ အရာပေးထားပါတယ်
စတဲ့နေရာကရောက်တော့ ရောက်တဲ့နေရာက စပျက်ပါတယ်
အပြန်လမ်းဟာ တစ်ခုတည်း တစ်ယောက်တည်း အခြားတစ်ဖက်ဆိုတော့
မမှောင်ခင် ခွဲထွက်ဖို့ပါပဲ
ကြေကွဲညထဲ မောင်းထုတ်လိုက်ရတာ
မိုးရွာထဲ ထားခဲ့ရတာ(လည်း)
ကိုယ့်ဘ၀ကိုယ် ပြန်ရတာပါပဲ ။ ။
=================================
ဂီတ ၃
ဒီလိုညနေခင်းမှာ
မင်းနာမည်လေးသိခဲ့သူဆိုရင်လည်း
သြော် ... ဘယ်သူရယ်လို့
ငါလေ ရွတ်ဆိုမိဦးမယ်
သစ်တစ်ပင်မှာ ချစ်ခြင်းကို ထွင်းမိဦးမယ်
ဒီလိုညနေခင်းမှာ
မင်းသာ အဝေးပြေး
တွေးတတ်မယ်ဆိုရင်ပေါ့
ငါဟာ ... တမြေ့မြေ့ အောက်မေ့ခြင်းစွန်တစ်ကောင်
မင်းဆောင်ထားတဲ့ဓားမှာစွဲလောင်လို့
မင်းတို့မြို့လေးမှာလည်း
ကိုယ့်အကြောင်းဖွင့်ပြောမယ်ဆိုတဲ့ တိမ်တစ်စ
လူတိုင်း အလွတ်ရကြမှာပဲ ။ ။